Friday, November 29, 2013

စိတ်ပျက်ပ မပုတုရယ်

စိတ်ပျက်ပ မပုတုရယ်

ဟုတ်ကဲ့ ကျွန်တော် ခုနက တင်ပေးခဲ့တဲ့ မပုတု ရဲ့ VAS service တွေအကြောင်းကို ပြည် က Thu Rein ဆိုတဲ့ လူက စိတ်ပျက်လက်ပျက် နဲ့ ခုလိုပြောလာပါတယ်၊ အမှန်ကတော့ ကျွန်တော်ရော တခြားသူတွေပါ ပြောချင်နေတဲ့ စကားတွေလို့ ထင်ပါတယ် ၊ ကဲ ဖတ်လိုက်ကြရအောင်ဗျာ၊

ကျနော် MPT နဲ့ ဘာမှ မဆိုင်တဲ့ အပြင်လူပါ။ ငပိန်းတစ်ယောက်ပါ။ ငပိန်းတစ်ယောက်က မပုတုလို့ခေါ်တဲ့ MPT ကို ဒီနေ့ စိတ်ပျက်မိတာလေး ရေးပါရစေ။ အချက်အလက်တွေ မှားနိုင်ပါတယ်။ မှားနေတာတွေ့ရင် ပြင်ပေးသွားကြပါခည :D



မပုတုရဲ့ VAS ( Value Added Services ) တွေ ဘယ်လို Activate လုပ်ရမယ် ဆိုတာနဲ့ တစ်လဘယ်လောက်ကျမယ် ဆိုတာတော့ အပေါ်က ပုံထဲမှာ ပါတဲ့အတိုင်း ထွက်ရှိလို့ လာပါပီ။

အဓိကအားဖြင့် ဆားဗစ် ၄ မျိုး ရှိတာ တွေ့ရပါတယ်။ အဲဒီ ၄ ခုကို အရင် ရှင်းပါမယ်။ နောက်မှ မပုတု အသုံးမကျတာ ပြောပါမယ်။

CW ( Call Waiting ) - ကို Second Call လို့လဲ လူတွေ သိကြပါတယ်။ ဖုန်းပြောနေတဲ့အချိန် တစ်ခြားဖုန်းတစ်လုံးက ကိုယ့်ကို ခေါ်ရင် ပြောလက်စ ဖုန်းကို ခန Hold ( ကိုင်ခိုင်းထား ) ပြီး နောက်ဝင်လာတဲ့ဖုန်းနဲ့ သွားပြောလို့ ရတဲ့ Service ဖြစ်ပါတယ်။

CF ( Call Forwarding ) - ကတော့ မိမိဖုန်း ဧရိယာ ပြင်ပ ဖြစ်ချိန် (ဒါမှမဟုတ်) မအားတဲ့အချိန် (ဒါမှမဟုတ်) အချိန်တိုင်း (ဒါမှမဟုတ်) သတ်မှတ်ထားတဲ့ ဖုန်းတွေက ၀င်လာရင် ကြိုတင်သတ်မှတ်ထားတဲ့ နောက်ဖုန်းနံပါတ် တစ်လုံးကို လွှဲပေးတဲ့ Service ဖြစ်ပါတယ်။

VMS ( Voice Mail Service ) - ဆိုတာကျတော့ ဖုန်းမကိုင်ဖြစ်လိုက်ရင် (ဒါမှမဟုတ်) ဧရိယာပြင်ပ ရောက်နေရင် (ဒါမှမဟုတ်) Software သုံးပီး Sent to Voice Mail လုပ်ပစ်လိုက်ရင် ကိုယ့်ဆီကို ဖုန်းခေါ်တဲ့လူဟာ Voice Mail Box ထဲ ရောက်သွားပီး ပြောလိုတဲ့ စကားကို မှာထားခဲ့နိုင်တဲ့ Service ဖြစ်ပါတယ်။ အဲဒီလို VM ထားခဲ့လိုက်ပီဆိုရင် မိမိဖုန်းထဲကို ဘယ်သူ ဘယ်အချိန်က မှာထားခဲ့တဲ့ VM ရောက်နေကြောင်း SMS ရောက်လာမှာပါ။ သတ်မှတ်ထားတဲ့ နံပါတ် (1550) ကို ခေါ်ပီး ဖွင့်နားထောင်ကြည့်ရင် ဘာမှာထားခဲ့လဲ ကြားရမှာပါ။

MCA ( Miss Call Alert ) - က အစတုန်းက CDMA ဖုန်းတွေမှာ ဖရီးရနေတာ ကြာလှပါပီ။ အခုမှ GSM တွေအတွက် ရလာတာပါ။ မိမိ ဧရိယာ ပြင်ပရောက်တဲ့အချိန် (ဒါမှမဟုတ်) စက်ပိတ်ထားချိန်တွေမှာ ဘယ်ဖုန်း ဘယ်အချိန်က ခေါ်ထားပါတယ်ဆိုတာ ဧရိယာထဲ ပြန်ရောက်တဲ့အချိန် (ဒါမှမဟုတ်) စက်ပြန်ဖွင့်တဲ့အချိန် ဖုန်းထဲကို SMS ပို့ပေးမှာ ဖြစ်ပါတယ်။ ပြန်ခေါ်သင့်တဲ့လူတွေဆို ပြန်ခေါ်ပေါ့။ ( ကေတီဗီက ကလေးမလေးတွေဆိုတော့လဲ သဘောပေါ့ နော့ :D )

အပေါ်မှာ ရေးခဲ့တာတွေက အဲဒီ Service တွေ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ ဖြစ်ပါတယ်။ အခု ဆက်ရေးမှာက အဲဒါတွေသုံးဖို့ ပိုက်ဆံ တောင်းနေတဲ့ မပုတု ဘယ်လောက် ဖျင်းလဲဆိုတာလေး ထောက်ပြချင်တာပါ။

နံပါတ် (၁) Service ကို ကြည့်ရအောင်
ဖုန်း ၃ လုံး ရှိတယ် ဆိုကြပါစို့။ နံပါတ်တွေက A, B နဲ့ C ထားလိုက်ပါ။ A နဲ့ B ဖုန်းပြောနေရင် C က ဘာမှ လုပ်လို့ မရတဲ့အတွက် တစ်မိနစ်ကို ၅၀ ပဲ ရမှာပါ။ CW နဲ့ ဆိုရင် A က B ကို ခေါ်ပြောနေတုန်း C က A ကို ခေါ်လိုက်ရင် Second Call အဖြစ် ၀င်လာမှာပါ။ ဒါဆို A က B နဲ့ ပြောနေတာ ခနရပ် (Hold) ပြီး C နဲ့ ပြောတဲ့ အချိန်ဆိုရင် A ဆီက B ကို ခေါ်တဲ့ တစ်မိနစ် ၅၀ အပြင် C ကနေ A ကိုခေါ်တဲ့ တစ်မိနစ် ၅၀ ပါ ရမှာမလို့ တစ်မိနစ်ကို ၁၀၀ ကျပ် ရနေမှာပါ။

နံပါတ်(၂) မှာလဲ A, B, C ဖုန်းသုံးလုံးပဲ ထားကြည့်မယ်။ A က B ကို ခေါ်မယ်။ B စက်ပိတ်ထားရင် ပိတ်ထားတယ်ပြောလိုက်မယ်။ တစ်ပြားမှ မရတော့ဘူး။ တစ်ကယ်လို့ B က CF သုံးထားမယ်ဆိုရင် ကြိုတင် သတ်မှတ်ထားတဲ့ C ကို Forward လုပ်သွားမယ်။ အဲဒီမှာ A နဲ့ C အဆက်အသွယ် ရသွားတာနဲ့ A ကနေ B ကိုခေါ်တဲ့ တစ်မိနစ် ၅၀ ရမှာ ဖြစ်သလို B ကနေ C ကို Forward လုပ်ထားတဲ့ တစ်မိနစ် ၅၀ ရမှာ ဖြစ်တဲ့အတွက် တစ်မိနစ် ၁၀၀ ကျပ်ရမှာပါပဲ။

နံပါတ်(၃) ကတော့ ရှင်းပါတယ်။ ဖုန်း ၂ လုံးပဲ ရှိမယ်။ A နဲ့ B ဆိုပါစို့။ A က B ကို ခေါ်မယ်။ ပိတ်ထားရင် တစ်ပြားမှ မရဘူး။ VM နဲ့ဆိုရင် A က VM ထဲကို မှာနေတဲ့အချိန် တစ်မိနစ် ၅၀ ရမှာ ဖြစ်သလို B က VM ကို ပြန်ဖွင့် နားထောင်နေတဲ့အချိန်မှာလဲ တစ်မိနစ်ကို ၅၀ ရမှာပါ။

နံပါတ်(၄) ကလည်း ပြောရရင် နံပါတ် (၃) နဲ့ ခပ်ဆင်ဆင်ပါပဲ။ ပိတ်ထားရင် ပိတ်ထားကြောင်းဖြေမယ်။ ခေါ်တာ မသိတော့ ပြန်မခေါ်ဖြစ်တော့ဘူး။ ခေါ်ထားကြောင်း SMS ရလို့ ပြန်ခေါ်ဖြစ်ရင် ပြောတဲ့မိနစ်အလိုက် ပိုက်ဆံရသပေါ့ဗျာ။

တစ်ခြားအိမ်နီးခြင်း နိုင်ငံတွေမှာ ဒါတွေက ဖရီးပါ။ SIM အသစ် ၀ယ်ကတည်းက ပါလာပီးသားတွေပါ။ ကိုယ်သုံးမှ တစ်မိနစ်နှုန်းနဲ့ ပေးရတာတွေပါ။ သုံးစွဲခဆိုပီး မတောင်းပါဘူးခင်ဗျာ။

နောက် ရှိပါသေးတယ်။ ဒီထဲမှာ မပါသေးတဲ့ ဆားဗစ်တွေ။ ဥပမာ Three Way Conference လို့ခေါ်တဲ့ ၃ ယောက်ပြောတာတွေ။ ၃ ယောက်ထက် ပိုတဲ့ Party Call တွေ ဆိုလဲ ပြောတဲ့လူတွေ ထပ်ထည့်သလောက် အဆနဲ့ ပိုက်ဆံရနေတာပဲဟာကို
အခုလို Service တွေကို သုံးရင် ပိုက်ဆံပေးရမယ်ဆိုတော့ ဘယ်သူမှမသုံး၊ မသုံးတော့ ပိုက်ဆံမရ။ System ကြီးကို ၀ယ်လိုက်ကတည်းက ပါလာတဲ့ Card တွေ ဘာအလုပ်မှ မလုပ်ပဲ ကြာတော့ ပျက်။ အဲဒီလိုနဲ့ပဲ ကျနော်တို့လဲ ခေတ်မှီ ဆက်သွယ်ရေး စနစ်ကြီးကို ဖုန်းပြောယုံ ပြောနေခဲ့တာ အတော် ကြာခဲ့ပါပီလို့ပဲ .......................


ဟုတ်ကဲ့ ထပ်ပြောပါမယ်။ ကျနော် ဘာမှမသိတဲ့ အပြင်လူပါ။ ငပိန်းတွေး တွေးကြည့်တာပါ။ မှားနေတာတွေလဲ ပါနိုင်ပါတယ်။
မှားနေတာ တွေ့ခဲ့ရင်လဲ ပြောပေးသွားပါ။

ဒီနားထိ ဖတ်လာပေးတဲ့အတွက် အထူးကျေးဇူးပါ :D

ဟုတ် အဲဒါ ပြည် က သူရိန်  ဆိုတဲ့သူရေးထားတာပါခင်ဗျာ

No comments:

Post a Comment